ပုသိမ်ကြီးမြို့နယ် သည် မန္တလေးမြို့၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ရပ်ကွက် (၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၅၈) အုပ်စု ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပါသည်။ ပုသိမ်ကြီးမြို့နယ် ၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ် ၊ တောင်ဘက်တွင် အမရပူရမြို့နယ် ၊ မြောက်ဘက်တွင် မတ္တရာမြို့နယ် ၊ အနောက်ဘက်တွင် ချမ်းမြသာစည်မြို့နယ် ၊ မဟာအောင်မြေ မြို့နယ် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ အောင်မြေသာစံမြို့နယ် နှင့် ချမ်းအေးသာစံမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ ပုသိမ်ကြီးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် ပျမ်းမျှ အမြင့် (၂၅၀)ပေ အထက်တွင် တည်ရှိပါသည်။
အကျယ်အဝန်းအားဖြင့် (၂၅.၆) ဧရိယာစတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာလျှင် (၄၃၉.၈)ဦး နေထိုင်ကြပါသည်။၂၀၁၄ ခုနှစ်တွင် နောက်ဆုံးကောက်ယူသော သန်းခေါင် စာရင်းအရ အိမ်ထောင်စုပေါင်း (၅၂၉၉၀) စုခန့် နေထိုင်လျှက်ရှိပြီး စုစုပေါင်း လူဦးရေ (၂၆၃၇၂၅) ဦးမျှ ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်ကြပါသည်။ ပုသိမ်ကြီးမြို့နယ်တွင် စီးပွားရေး လုပ်ငန်းပေါင်း (၂၄၀၀)ကျော် တည်ရှိပြီး ယင်းလုပ်ငန်းများတွင် ဝန်ထမ်း အရေအတွက် (၁၀၂၀၀) ကျော်ခန့် လုပ်ကိုင်လျက်ရှိကြောင်း မန္တလေးလမ်းညွှန် မှ ကောက်ယူသည့် စာရင်းများအရ သိရှိရပါသည်။ အခြေခံပညာ မူလတန်းကျောင်း (၇၃) ကျောင်း၊ အလယ်တန်းကျောင်း (၂၉) ကျောင်း နှင့် အထက်တန်းကျောင်း (၉) ကျောင်း တည်ရှိပြီး မြို့နယ်၏ စာပို့သင်္ကေတ အမှတ်များမှာ (၀၅၀၇၁၊ ၀၅၀၇၂၊ ၀၅၀၇၃) တို့ ဖြစ်ပါသည်။

ပုသိမ်ကြီးမြို့နယ်သည် တစ်ချိန်က ထင်ရှားခဲ့သော အောင်ပင်လယ်ကန်ကြီး၏
နယ်နိမိတ်များအပြင် အဆိုပါ အောင်ပင်လယ်ကန်ကြီးကို ပတ်ဝိုင်းထားသော
နယ်မြေများကို ပိုင်ဆိုင်သည့် မြို့နယ်နိမိတ်ရှိသည်။ အောင်ပင်လယ်ကန်ကြီးကို
အကြောင်း ပြု၍ လယ်ပယ် နှစ်သောင်း စိုက်ပျိုးနိုင်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်ကို ၁၉၅၉ ခုနှစ်တွင် မြို့နယ် အဆင့်သို့
တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ထိုစဉ် အချိန်က မြို့နယ်အဖြစ် အဆင့်
တိုးမြှင့်ခဲ့သော်လည်း ရွာကြီး သာသာ အဆင့်သာ ရှိနေခဲ့ပါသည်။ အိမ်ရှေ့မင်း ထန်းတော တည်ရှိရာ ထန်းဥယျာဉ်ကျေးရွာနှင့် နန်းတော်ရှေ့ဆရာတင် ရေးသားသော ရွှေမင်းဂံသီချင်းထဲမှ မင်းဂံရွာ နှင့် ဘုတ်ရွာများမှာ ပုသိမ်ကြီးမြို့နယ်တွင် ထင်ရှား ကျော်ကြားသော ကျေးရွာများဖြစ်ကြသည်။

ပုသိမ်ကြီးမြို့နယ်သည် ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှ စ၍ အထင်အရှား ရှိခဲ့သော ကျေးရွာကြီးများကို အဆင့်ဆင့် ပြောင်းလဲ ဖွဲ့စည်းမှုဖြင့် ဖြစ်တည်လာသော မြို့တစ်မြို့ဖြစ်သည်။ အေဒီ (၁၂၄၄) ခုနှစ် ပုဂံခေတ် အခေါ်အဝေါ်အရ ပိန်သုကြီး ဟူသော ဝေါဟာရမှ ဆင်းသက် လာခဲ့သည်။ နောင်တွင် ပုသိမ်ကြီး ဟူ၍ ဖြစ်တည်လာခဲ့သည်။
ထင်ရှားသောနေရာများမှာ
- ရန်ကင်းတောင်
- နဂါးရေ ဟုတင်စားသည့် မြကျောက်စေတီတော်
- ရေတံခွန်တောင်တော်
- မုံလယ်တောရ
- သစ္စဝေဒဂူ ကျောင်းတော်
- မဟာဗောဓိ ငါးထောင်
- စိန်ခနောက်တောင်
- မြခနောက်တောင်
- သခင်မတောင်
- အိမ်ရှေ့မင်းထန်းတော
- နန်းတော်ရှေ့ဆရာတင်ရေးသားသော ရွှေမင်းဂံသီချင်းထဲမှ မင်းဂံရွာနှင့် ဘုတ်ရွာ
- ရွှေထွက်သော ဖယောင်းတောင်
- ဆည်တော်ကြီးဆည်
- အောင်ပင်လယ်ကန်
- ရွှေစာရံဘုရား
Mandalay-Lashio Highway
Mandalay NUAC
University of Pharmacology